ဘယ်သူ့မှ သူ့လောက်ကိုယ်မချစ်ဘူးဆို
Page 1 of 1
ဘယ်သူ့မှ သူ့လောက်ကိုယ်မချစ်ဘူးဆို
အရှင်နန္ဒာကတော့ “သရာဂံ ၀ါ စိတံ္တ သရာဂံ စိတ္တန္တိ ပဇာနာတိ” ဆိုတဲ့ မြတ်စွာဘုရားရှင်ရဲ့ လမ်းညွှန် ချက်ကို ပြည့်ပြည့်၀၀ လိုက်နာကျင့်သုံးခြင်းမရှိတော့ သာသနာတော်မှာ ပျော်ပိုက်တဲ့စိတ် မဖြစ်တော့ဘူး။ သတိဌာန် အလုပ် လုပ်ရတာလည်း စိတ်ဝင်စားမှု့မရှိတော့ဘူး။ သိက္ခာချ လူထွက်တော့မယ်ဆိုတဲ့ စကားကိုပဲ ရဟန်းတော်များကို တဖွဖွ ပြောနေတယ်။
အဲဒါကို မြတ်စွာဘုရားရှင်က သိသွားတော့ အရှင် နန္ဒကို ခေါ်ပြီး မေးတယ်။
“ချစ်သားနန္ဒ၊ သာသနာ ဘောင်မှာမပျော်တော့ဘူး၊ လူထွက်တော့မယ်ဆိုတာ ဟုတ်လား”
“မှန်ပါ၊ဟုတ်ကြောင်းပါ ၊”
“ဘာကြောင်း သာသနာဘောင်မှာ မပျော်မွေ့ရတာလဲ”
“မှန်လှပါဘုရား၊ ဇနပဒကလျာဏီ ပြောလိုက်တဲ့ မြန်မြန်ပြန်လာပါ ဆိုတဲ့အသံလေး တပည့်တော် နားထဲက မထွက်တဲ့အတွက်ကြောင့် သာသနာ့ဘောင်မှာ မပျော်ရခြင်း ဖြစ်ပါတယ်ဘုရား”
“ဒါဖြင့်နန္ဒ၊ ငါနဲလိုက်ခဲ့” ဆိုပြီးတော့ အရှင်နန္ဒရဲ့ လက်မောင်ကို ကိုင်ပြီးတော့ မြတ်စွာဘုရားရှင်က တန်ခိုးတော်နဲ့ အရှင်နန္ဒကို တာဝတိံသာနတ်ပြည်ကို ခေါ်သွားတယ်။
လမ်းခရီးမှာ မီးလောင်ထားတဲ့ လယ်ကွင်းပြင်ထဲက မီးလောင်ထားတဲ့ သစ်ငုတ်တိုပေါ်မှာ ထိုင်နေတဲ့ မျောက်အိုမကြီးတစ်ကောင်ကို မြင်အောင်ပြခဲ့တယ်။ နားရွတ်တွေ၊ နှာခေါင်းတွေ၊ အမြီးတွေ ပြတ်၊ မီးလောင် ဒဏ်ရာတွေနဲ့ အရေပြားတွေ စုတ်ပြတ်ပေါက်ပြဲ၊ သွေားတွေ ယိုစီးနေတဲ့ အင်မတန်ရုပ်ဆိုးတဲ့ မျောက်အိုမကြီး တစ်ကောင်ကိုမြင်အောင်ပြခဲ့တယ်။
တာဝတိံသာနတ်ပြည်ရောက်တော့ သိကြားမင်းကို ဆည်းကပ်ခစားနေတဲ့ နတ်သမီးငါးရာကို အရှင်နန္ဒ မြင်ရတယ်။ အဲဒီအခါ မြတ်စွာဘုရားရှင်က မေးတယ်။
“ချစ်သားနန္ဒ၊ ဒီနတ်သမီးတွေနဲ့ သင့်ရဲ့ ဇနပဒကလျာဏီနဲ့ ဘယ်သူကပိုချောသလဲ”
“မြတ်စွာဘုရား မေးမှမေးရက်လေခြင်း၊ ဟောဒီ နတ်သမီးငါးရာနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ဇနပဒကလျာ ဏီ ဟာ လမ်းခရီးက မီးလောင်ငုတ်တိုပေါ်မှာ ထိုင်နေတဲ့ မျောက်အိုမကြီးနဲ့သာ တူပါတော့်တယ် ဘုရား။ ဒီနတ် သမီး ငါးရာနဲနှိုင်းယှဉ်လိုက်ရင် ဇနပဒကလျာဏီဟာ မိန်းမဆိုတဲ့ အရေအတွက်ထဲတောင် မ၀င်တော့ပါဘူး။ မိန်းမစာရင်းထဲတောင် ထည့်လို့မဖြစ်တော့ပါဘူး”
“ဇနပဒကလျာဏီထက် စောဒီနတ်သမီးငါးရာကသာ အဆပေါင်းများစွာ သာလွန်ပြီးတော့ လှပပါတယ်။ရှုချင်စဖွယ် တင့်တယ်ပါတယ်။ စိတ်ရဲ့ ကြည်လင်ခြင်းကို ဖြစ်စေပါတယ် ဘုရား”
“ဒါဖြင့် ချစ်သားနန္ဒ၊ အဲဒီ နတ်သမီးငါးရာကို မလိုချင်ဘူးလား”
“မှန်ပါ လိုချင်ကြောင်းပါ”
ဒီတော့ ဒီနေရာမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။ လောကကြီးမှာ ချစ်ခြင်းဆိုတာ ဘယ်မှာလဲ။ တစ်နည်းပြောရရင် စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ ဘယ်မှာလဲလို့ မေးခွန်းထုတ်စရာ ပေါ်လာပါတယ်။
နဂိုတုန်းကတော့ အရှင်နန္ဒရဲ့ အချစ်ဆုံးဟာ တစ်လောကလုံးမှာ ဇနပဒကလျာဏီ တစ်ယောက်ပဲ ရှိပါတယ်။ ဇနပဒကလျာဏီကလွဲရင် ဘယ်သူ့ကိုမှ အရှင်နန္ဒ မချစ်ပါဘူး။ အခုတော့လည်း အရှင်နန္ဒ စိတ်ပြောင်းသွားပါပြီ။ ဇနပဒကလျာဏီထက် အဆပေါင်းများစွာ ချောမောလှပတဲ့ နတ်သမီးလေးတွေအပေါ် အချစ်စိတ် ပိုသွားခဲ့ပါပြီ။
အဲဒီတော့ ‘နတ်သမီးငါးရာ တပည့်တော် လိုချင်ပါတယ်ဘုရား’ ဆိုတော့ ‘ဒါဖြင့် ချစ်သားနန္ဒ၊ သင်ဘာမှ စိတ်မပူနဲ့၊ သာသနာ့ဘောင်မှာသာ ပျော်အောင်နေ၊ သာသနာ့ဘောင်မှာ ပျော်ပျော်မွေ့မွေ့နေပြီးတော့ သတိပဌာန် အလုပ်ကိုသာ သင်အားထုတ်၊ သင်နတ်သမီးငါးရာ ရစေရမယ်။ ဒီနတ်သမီး ငါးရာ ရဖို့အတွက် ငါဘုရား အာမခံတယ်။ ငါဘုရားတာဝန်ယူပါတယ်’
“မြတ်စွာဘုရား၊ နတ်သမီးငါးရာ ရဖို့ တာဝန်ယူတယ်ဆိုရင် တပည့်တော် သာသနာ့ဘောင်မှာ ပျော်ပါ တော့မယ်ဘုရား။ တရားအာထုတ်ပါတော့မယ်လို့ ကတိပေးလိုက်တယ်။”
အရှင်နန္ဒဆီက တရားအားထုတ်မယ်ဆိုတဲ့ ကတိရတာနဲ့ တစ်ပြိုင်နက် မြတ်စွာဘုရားရှင်က အရှင်နန္ဒရဲ့ လက်မောင်းကို ကိုင်ပြီးတော့ တာဝတိံသာနတ်ပြည်ကနေ ဇေတ၀န်ကျောင်းကို တန်ခိုးတော်နဲ့ ပြန်ကြွလာခဲ့ တယ်။
ဇေတ၀န်ကျောင်းရောက်တဲ့အခါကျတော့ အရှင်နန္ဒက နတ်သမီးငါးရာ ရဖို့ဆိုတဲ့ မျော်လင့်ချက်နဲ့ သတိပဌာန်အလုပ်ကို ကြိုးကြိုးစားစား အားထုတ်နေတယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီ တောရ) ၏
ဘယ်အိမ်မှာနေမလဲ စာအုပ်မှ ကောက်နုတ်ထားပါသည်။
[b]ဘယ်အိမ်မှာနေမလဲ စာအုပ်မှ ကောက်နုတ်ထားပါသည်။
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|