ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ

Go down

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ

Post  Admin on Tue Aug 16, 2011 5:16 pm

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ

တစ်နေ့ ကျွန်တော် နယူးယောက်မှာ မိတ်ဆွေတစ်ယောက်နှင့်အတူ တက္ကစီစီးသည်။

ကားထဲက ထွက်တော့ မိတ်ဆွေက ဒရိုင်ဘာကို ပြောသည်။ “ကျေးဇူးပါပဲဗျာ၊ ခင်ဗျား

ကားမောင်းပုံ သိပ်ကောင်းတာပဲ”

တက္ကစီဒရိုင်ဘာ...က ရုတ်တရက် တွေသွားသည်။ ပြီးတော့မှ “ဘာလဲဗျ၊ နောက်တာလား”

ဟု ပြန်ပြောသည်။

“မဟုတ်ဘူးဗျ၊ မနောက်ပါဘူး၊ ကျွန်တော် တကယ်ပြောတာပါ၊ ကားတွေ

ရှုပ်ယှက်ခတ်နေတဲ့ နေရာမှာ ခင်ဗျားတည်တည် ငြိမ်ငြိမ်အလုပ်လုပ်တာ

သဘောကျလို့ပါ”

“အင်းလေ” ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။

“နေစမ်းပါဦးဗျ၊ ခင်ဗျားဟာက ဘာလုပ်တာလဲ” ကိုယ့်ချည်း ရှိတော့မှ ကျွန်တော် မေးမိသည်။

“နယူးယောက်မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားအောင်

ဖြန့်ဝေပေးနေတာဗျ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲ ရှိတယ်”

မိတ်ဆွေက ဆိုသည်။

ခင်ဗျားတစ်ယောက်တည်းနဲ့ ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာ ကယ်နိုင်ပါ့မလဲဗျ”

“တစ်ယောက်တည်း မဟုတ်ဘူးလေဗျာ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့ဘာသာ

တစိမ့်စိမ့်တွေးပြီး ကျေနပ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်၊

အကယ်၍ ဒီနေ့မှာ သူ ခရီးသည် ၂၀ မောင်းပို့ပေးရမယ် ဆိုပါတော့၊ သူ့အပေါ်

ကျွန်တော်တစ်ယောက် ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ ဒီ လူ

၂၀ အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ၊ အဲဒီလူတွေကတစ်ခါ

ဆင့်ပွားပြီး သူတို့နဲ့ ဆက်ဆံရတဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊

ဆိုင်ရှင်တွေ၊ စားပွဲထိုးတွေကို ပျူပျူငှာငှာ ဆက်ဆံမယ်၊

ကိုယ့်မိသားစုတွေအပေါ်မှာလည်း ပိုကြင်နာသွားမယ်ဆိုရင် ဒီ တစ်ဦးအပေါ်တစ်ဦး

ချစ်ကြည်ရင်းနှီးမှုဟာ အနည်းဆုံး လူ ၁၀၀၀ လောက်ဆီအထိ ပြန့်သွားလိမ့်မယ်ဗျ၊

အဲဒါဆို ဘယ်ဆိုးမလဲ၊ မဟုတ်ဘူးလား”

“ဒါပေမဲ့ ခင်ဗျားရဲ့ ချစ်ကြည်ရေးစိတ်ဓာတ်ကြီး ပြန့်ပွားဖို့အတွက်က အဲဒီ

တက္ကစီဒရိုင်ဘာပေါ်မှာ လုံးလုံးလျားလျား မူတည်မနေပေဘူးလားခင်ဗျာ”

“ဟာ…ဘယ်ဟုတ်မလဲ၊ သူတစ်ဦးတည်းအပေါ်တော့လည်း ကျွန်တော် ဘယ်လုံးလုံးလျားလျား

ပုံအပ်ထားပါ့မလဲ၊ သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော် ဒီနေ့ လူ

ဆယ်ယောက်နဲ့ အဲဒီလို မေတ္တာ ဖြန့်ကျက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ်၊

ဆယ်ယောက်ထဲက သုံးယောက်ဆီကို ပြန့်ပွားသွားရင် သူတို့ ကနေ ဆင့်ပွားပြီး လူ

၃၀၀၀ မှာ စိတ်သဘောကောင်းတွေ ၀င်သွားမယ်”

“စာရင်းအရတော့ အိုကေနေတာ အမှန်ပါပဲ၊ ဒါပေမဲ့ လက်တွေ့မှာ

ခင်ဗျားတွက်ထားတဲ့အတိုင်း ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး”

“မဖြစ်တော့လည်း ဘာနစ်နာသွားတာမှတ်လို့ဗျာ၊ လူတစ်ယောက်ကို

ခင်ဗျားလုပ်ပုံကိုင်ပုံ တော်ပါပေတယ်ဗျာလို့ ချီးမွမ်းစကားဆိုရတဲ့အတွက်

ကျွန်တော့်မှာလည်း ဘာအချိန်မှ ကုန်မသွားပါဘူး၊ ဒီလိုပြောပြီး

ဘောက်ဆူးပိုပေးစရာလည်း မလို၊ လျှော့ပေးစရာလည်း မလို၊ ကိုယ့်စကား သူ့ရင်ထဲ

ဝင်မသွား တော့လည်း ဘာဖြစ်လဲ၊ နောက်နေ့ နောက်ထပ် တက္ကစီသမားတစ်ယောက်နဲ့

တွေ့တော့ သူဝမ်းသာ သွားအောင်၊ စိတ်ချမ်းသာကြည်နူးသွားအောင် ကျွန်တော်

ထပ်ပြောရုံပေါ့”

“အင်း…ခင်ဗျားလည်း တစ်နည်းတစ်ဖုံ ကြောင်တဲ့ပုဂ္ဂိုလ်ပဲကိုး” ကျွန်တော်

မှတ်ချက်ချမိသည်။

“ဟာ အဲဒါပဲ ခင်ဗျားနှလုံးသားတွေ ဘယ်လောက်မာကျောနေပြီဆိုတာ ဒီမှာပေါ်တယ်၊

ကျွန်တော် ဒီကိစ္စ အတော်လေ့လာထားပြီးပြီ၊ ကျွန်တော်တို့ စာပို့ဌာန

ဝန်ထမ်းတွေပဲ ဆိုပါစို့၊ သူတို့မှာ ဘာလိုနေသလဲ ကြည့်လိုက်ရင်

အသိအမှတ်ပြုစကားဗျ၊ ငွေတော့ ထည့်မပြောနဲ့တော့ပေါ့ဗျာ…ဟုတ်လား၊ သူတို့

အသိအမှတ်ပြု မခံရဘူးဗျ၊ ဘယ်သူကမှ ခင်ဗျားတို့ လုပ်နေတဲ့

စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ် မပြောကြဘူး”

“ဟ၊ ခင်ဗျားလူတွေကလည်း ကောင်းကောင်းမှ မလုပ်ကြဘဲဗျ”

“ခင်ဗျားပြောတာ မှန်တယ်၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ငါတို့ ကောင်းကောင်း

လုပ်လုပ် မလုပ်လုပ် အကြောင်းမထူးဘူး၊ ဘယ်သူမှလည်း အရေးမစိုက်ဘူး၊

အသိအမှတ်မပြုဘူး ဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က

သူတို့အပေါ် ကြင်နာတဲ့စကား အသိအမှတ်ပြုတဲ့စကား ပြောမပေးသင့် ဘူးလားဗျ”

စကားပြောရင်း လျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦတစ်ခု အနီးသို့ ရောက်လာ

သည်။ သည်မှာ အလုပ်သမား ၅ ယောက် နေ့လည်စာ စားနေကြတာ တွေ့တော့

ကျွန်တော့်မိတ်ဆွေက ရပ်ပြီး စကားပြောသည်။

“ခင်ဗျားတို့ အဆောက်အဦကြည့်ရတာ အရမ်းသားနားတယ်ဗျာ၊ အတော် ခက်ခက်ခဲခဲ

လုပ်ရမှာပဲ၊ အန္တရာယ်လည်း များမယ့်ပုံ”

အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်းဟန်ဖြင့် ကြည့်ကြသည်။

“ဘယ်တော့ ပြီးမလဲဗျ” မိတ်ဆွေက ဆက်မေးသည်။

“ဇွန်လ” တစ်ယောက်က တိုတို ပြတ်ပြတ် ဖြေသည်။

“ဟာ…ဟုတ်လား၊ ကောင်းတယ်ဗျာ၊ ခင်ဗျားတို့အဖို့တော့ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ”

ကျွန်တော်တို့ ထွက်လာခဲ့သည်။ “အင်း…ခင်ဗျားလို ပုဂ္ဂိုလ်မျိုးတော့

ရှားမှရှားပဲဗျို့” ကျွန်တော် သြဘာ ပေးမိသည်။

သူက အေးအေးဆေးဆေး။

“ရုတ်တရက်တော့ တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်စကားတွေ တဖြည်းဖြည်း

စိမ့်ဝင်သွား လိမ့်မယ်၊ အဲဒီအခါကျတော့ ၀မ်းသာကြ စိတ်ကြည်နူးကြမှာပေါ့၊

သူတို့ စိတ်ချမ်းသာရင် အဲဒီရဲ့ အကျိုးဆက်ကို ဒီမြို့ကြီးထဲက တခြားလူတွေ

ခံစားရလိမ့်မယ်”

“ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံနဲ့ ထင်သလောက်

ဖြစ်မလာနိုင်ပါဘူးဗျာ” ကျွန်တော်က ငြင်းနေသည်။

“ဘယ် ဟုတ်မလဲဗျ၊ ဒီကိစ္စမှာ အရေးကြီးဆုံးအချက်က အားမလျှော့ဖို့ပဲ၊

မြို့ကြီးတစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ကိစ္စဗျာ၊ ဒါပေမဲ့

ကျွန်တော့် စစ်ဆင်ရေးထဲမှာ တခြားလူတွေ လည်း ပါဝင်လာအောင်

စည်းရုံးနိုင်မယ်ဆိုရင်…”

“ကြည့်စမ်း ဟေ့လူ ခင်ဗျား ခုနက အရုပ်ဆိုးဆိုးမိန်းမကို

မျက်စပစ်ပြလိုက်တယ် မဟုတ်လား” ကျွန်တော် ကြားဖြတ်မေးသည်။

“ဟုတ်တယ်လေဗျာ၊ ဒါလောက်အရုပ်ဆိုးတဲ့မိန်းမ ကျွန်တော်မျက်စပစ်ပြလိုက်တော့

သူ့ကိုလည်း သဘောကျတဲ့လူ ရှိသေးတာပဲတွေးပြီး ကြည်နူးသွားမယ်၊ အကယ်၍ သူသာ

ကျောင်းဆရာမတစ်ယောက် ဖြစ်မယ်ဆိုပါတော့၊ အတန်းထဲက ကလေးတွေအဖို့တော့

ဒီနေ့ဟာ ပျော်စရာ နေ့ထူးနေ့မြတ်ကြီးပေါ့” တဲ့။

ကျွန်တော့် မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေလေသည်။

Admin
Admin

Posts : 105
Join date : 2011-08-13

View user profile http://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum